logo header

သတင်းထုတ်ပြန်ချက်(၁၇- ၃-၂၀၂၃ ရက်)

20230405 02

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ဖိုဆိုင်း ခိုင်ခန်းဖိထွန်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၄) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့၊ 1G1-11 ဟိုတယ်၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ အထူးသဖြင့် နယ်စပ်ဒေသအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးကိစ္စ၊ နယ်စပ်ဖြတ်သန်းသွားလာခွင့်ကိစ္စ၊ နယ်စပ်စစ်ဆေးရေးဂိတ်များကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စ၊ အလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ မဲခေါင်မြစ်အတွင်း ရေကြောင်းသွားလာမှုကိစ္စ၊ နယ်နိမိတ်မှတ်တိုင်များ စစ်ဆေးခြင်းနှင့် ပြုပြင်မွမ်းမံခြင်းကိစ္စ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စနှင့် အခြားကိစ္စရပ်များအား ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်မှ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ဖိုဆိုင်း ခိုင်ခန်းဖိထွန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား တာချီလိတ်မြို့ရှိ အခါရိုးရာစားသောက်ဆိုင်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

(၁၄) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေး မတိုင်မီ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသား နယ်နိမိတ်ရေးရာကော်မတီရုံး၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ အန်နိုးဆင် ခိုင်ပိညာလာ တို့ကဦးဆောင်၍ တာချီလိတ်မြို့၊ 1G1-11 ဟိုတယ်၌ မတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ဖိုဆိုင်း ခိုင်ခန်းဖိထွန် ဦးဆောင်သော လာအိုကိုယ်စားလှယ်အဖွဲ့သည် (၁၄) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသ အာဏာပိုင်များအစည်းအဝေး တက်ရောက်ရန် မတ်လ ၁၄ ရက်နေ့က တာချီလိတ်မြို့သို့ ရောက်ရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၁၇ – ၃ – ၂၀၂၃

Embassy Websites

Government Ministries

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၀င်များ၏အမည်စာရင်း နုင့် အစိုးရအဖွဲ့၀င်ပြည်ထောင်စု၀န်ကြီးများစာရင်း