(၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်)
– စာရွက်စာတမ်းအမှတ် A/HRC/52/21 ပါ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာအပေါ်အပြန်အလှန်ဆွေးနွေးမှုကို လူအခွင့်အရေးကောင်စီက ၆-၃-၂၀၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။ အပြုသဘောဆောင်သောဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေမူများနှင့်ဆန့်ကျင်လျက် ယင်းဆွေးနွေးပွဲကို သက်ဆိုင်ရာနိုင်ငံမပါဘဲ ပြုလုပ်ခဲ့သည်။
– အဆိုပါအစီရင်ခံစာအပေါ် တုံ့ပြန်ရန် သက်ဆိုင်ရာ နိုင်ငံအား လုံလောက်သောအချိန်ပေးရန် လိုအပ်သော်လည်း အပြန်အလှန်ဆွေးနွေးမှုမပြုလုပ်မီ နှစ်ရက်အလိုမှသာ မြန်မာဘက်သို့ မျှဝေခဲ့သည်။ ထို့အပြင်အစီရင်ခံစာအပေါ် အစိုးရ၏တွေ့ရှိချက်များကို ထုတ်ပြန်ပေးရန် မဟာမင်းကြီးရုံးက ပျက်ကွက်ခဲ့သည်။ ယင်းကဲ့သို့အပြုအမူအားလုံးက မဟာမင်းကြီးရုံး၏ ပွင့်လင်းမြင်သာရှိမှုနှင့် ပညာရှင်ဆန်မှုအပေါ် ပြင်းထန်စွာ မေးခွန်းထုတ်လျက်ရှိသည်။
– မဟာမင်းကြီးက ၎င်း၏အစီရင်ခံစာတွင် ထည့်သွင်းလိုသည့် အချက်အလက်များ ပံ့ပိုးပေးရန် မြန်မာဘက်သို့တောင်းခံခဲ့ခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF တို့၏ အကြမ်းဖက်မှုများကို ကုလသမဂ္ဂစာရွက်စာတမ်းတွင် ပထမဆုံးအကြိမ်အဖြစ် အနည်းအကျဉ်း ထည့်သွင်းဖော်ပြပေးခဲ့ခြင်းတို့အပေါ် အသိအမှတ်ပြုသည်။ သို့ရာတွင် အစီရင်ခံစာ၌ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်ကျူးလွန်မှုများကိုမူ သိသာစွာလျှော့ပေါ့ဖော်ပြထားသည်ကို စိတ်ပျက်ရသည်။ အကြမ်းဖက်အဖွဲ့များကြောင့် ၁-၂-၂၀၂၁ ရက်မှ ၁၅-၂-၂၀၂၃ ရက်အထိ ကလေး ၁၅၀ ဦး၊ ပြည်သူ ၁၂၉ ဦး၊ ဆရာ/ဆရာမ ၆၉ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၅ ဦးနှင့် အုပ်ချုပ်ရေးမှူး ၇၃၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူစုစုပေါင်း ၅၁၅၅ ဦးတို့အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းအကြမ်းဖက်လုပ်ရပ်များကို သေချာစွာမှတ်တမ်းတင်ထားပြီး ရန်ကုန် မြို့ရှိ သံရုံး များအားလုံးနှင့် ကုလသမဂ္ဂအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအမှုဆောင် ညွှန်ကြားရေးမှူးရုံးတို့သို့ ပုံမှန်ပေးပို့လျက်ရှိသည်။
– လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် အချို့သောဖြစ်စဉ်များကို ကိုးကား၍ အစိုးရနှင့် လုံခြုံ ရေးတပ်ဖွဲ့များကို စွပ်စွဲပြောကြားခဲ့သော်လည်းအဆိုပါ ဖြစ်စဉ်များတွင် လက်နက်ကိုင်အဖွဲ့ များ၏ရန်စမှုနှင့် ပါဝင်ပတ်သက်မှုများကြောင့်သာ ဖြစ်ပေါ်လာခြင်းကို ငြင်းဆန်၍မရပါ။ ဥပမာအားဖြင့် အနန့်ပါဖြစ်စဉ်သည် ရွာသားများ သို့မဟုတ် အရပ်သားများ သွားလာနိုင်ခြင်းမရှိသော ကေအိုင်အေတပ်မဟာ ၉ တွင်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း ကွယ်လွန်ခဲ့သော အဖွဲ့ဝင်များနှင့် ရာထူးများပါရှိသည့်စာရင်းကို ကေအိုင်အေ ကိုယ်တိုင်ပင် ထုတ်ပြန်ခဲ့သည်။
– လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်/ထွက်ခွင့်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများသည် ပြည်နယ်နှင့် တိုင်းများရှိ မြေပြင်ရုံးများဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတစ်ဝန်း ဝင်/ထွက်ခွင့် ရရှိလျက်ရှိသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့ ၇ ဖွဲ့ကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး အပါအဝင် နေရာအနှံ့အပြားသို့ အကြိမ်ပေါင်း ၄၀ ကျော် ကွင်းဆင်းဆောင်ရွက်ခွင့်ရစေရန် မြန်မာအစိုးရက ဆောင်ရွက်ပေးခဲ့သည်။
– ၂၀၁၇ ခုနှစ်တွင် ARSA (ခေါ်) Aqa Mul Mujahidin တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူဦးရေ ၅၀၀,၀၀၀ ကိုပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့အကြားရှိ နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တမ်း ဖြေဆိုအောင်မြင်သည့် ဘင်္ဂါလီကျောင်းသူ၊ ကျောင်းသားများသည် သက်ဆိုင်ရာတက္ကသိုလ်များတွင် တက်ရောက်လျက်ရှိသည်။ တက္ကသိုလ်တွင် ဘာသာရပ် ရွေးချယ်မှုအပေါ် ကန့်သတ်ချက် မရှိဘဲ ဘာသာရပ် ရွေးချယ်မှုမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ခဲ့သည့် ရမှတ်ပေါ်မူတည်ခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ဘင်္ဂါလီကျောင်းသူ၊ကျောင်းသားစုစုပေါင်း ၂၃၉ ဦးစာရင်းသွင်းခဲ့ကြသည်။ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏သမိုင်းနှင့် ဥပဒေမှတ်တမ်းများတွင် ပါဝင်ခြင်းမရှိဘဲ နိုင်ငံရေးသဘောဖြင့် ဖန်တီးထားသည့် ယင်းအသုံးအနှုန်းကို အသိအမှတ်မပြုကြောင်းရပ်တည်ချက်ကို ထပ်လောင်းဖော်ပြအပ်သည်။
– လှေစီးသွားလာသူများကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည်အခက်အခဲတွေ့သည့် မည်သည့် ရေယာဉ်ကိုမဆို ကူညီပံ့ပိုးပေးရန် အစဉ်အမြဲအသင့်ရှိသည်။ အရွယ်ရောက်ပြီးသူ ၁၂၃ ဦး (အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၄၀ဦး) နှင့် ကလေးသူငယ် ၃၁ ဦး (ယောက်ျားလေး ၂၃ ဦးနှင့် မိန်းကလေး ၈ ဦး) အပါအဝင် စုစုပေါင်းလူ ၁၅၄ ဦးပါ ပင်လယ်၌ မျောပါလာသည့် လှေကို မြန်မာ့တပ်မတော် (ရေ) မှ ကယ်ဆယ်ခဲ့သည်။ ယင်းလှေပေါ်ပါ ပုဂ္ဂိုလ်များ၏ ထုတ်ဖော်ပြောကြားချက်အရ အဆိုပါလှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး လူကုန်ကူးမှုသည် ပြဿနာ၏ အကြောင်းရင်းဖြစ်ကြောင်း သိရှိရသည်။
– နိုင်ငံတကာဥပဒေများသည် ပြစ်မှုတစ်ရပ်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု သို့မဟုတ် နိုင်ငံတကာပြစ်မှုတစ်ခုဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရန် လိုအပ်သည့် သတ်မှတ်ချက်များကို ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းပေးထားသည်။ သို့ရာတွင် ယင်းသို့ ပြစ်မှုမြောက်ခြင်း/ မမြောက်ခြင်းအပေါ် တိကျသေချာစွာ ဆုံးဖြတ်ချက် ချမှတ်ခြင်းမပြုမီ ကိစ္စ တစ်ခုချင်းစီအတွက် ယင်းအဓိပ္ပါယ်ဖွင့်ဆိုချက်များကို ဂရုတစိုက် သုံးသပ်ရန် လိုအပ်သည်။ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် အချက်အလက်များကို စိစစ်ခြင်းမရှိသော မဟာမင်းကြီး၏ ကောက်ချက်ချမှုများအပေါ် မြန်မာနိုင်ငံက စိုးရိမ်ပူပန်သည်။ ယင်းသို့သော ဆုံးဖြတ်ချက် များမည်သို့ရရှိသည်နှင့် ၎င်းတို့၏ နိုင်ငံတကာ ဥပဒေစိုးမိုးရေးအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ မေးခွန်းများစွာထွက်ပေါ်စေသည်။ ထို့ကြောင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များအပေါ်သာ မှီခို၍ ရာဇ ၀တ်မှုဆိုင်ရာ တာဝန်ရှိကြောင်း ကောက်ချက်ချခြင်းမှာ ဥပဒေစံနှုန်းများ နှင့် ညီညွတ်မှုမရှိပေ။
– မဟာမင်းကြီးရုံးအနေဖြင့် လုံခြုံရေးကောင်စီမှတစ်ဆင့် နိုင်ငံတကာရာဇ၀တ်တရားရုံးသို့ မြန်မာနိုင်ငံအခြေအနေကိုညွှန်းပို့ရန် အကြံပြုချက်ကိုမြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်သည်။ အစီရင်ခံစာပါ သိမ်းကျုံးစွပ်စွဲချက်အားလုံးသည် လူ့အခွင့်အရေးအကြောင်းပြ၍ ထည့်သွင်းထားသည့် ပြည်တွင်းရေးနှင့်သာအဓိကသက်ဆိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ ယင်းစွပ်စွဲချက်များကို အထောက်အပံ့ပြုရန် ခိုင်လုံသောသက်သေအထောက်အထားမရှိသည့်အပြင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်မှုတစ်စုံတစ်ရာမရှိပါ။ ထို့ကြောင့် ယင်းအကြံပြုချက်သည် ဆီလျော်မှုလုံးဝမရှိသဖြင့် မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချသည်။
– အစီရင်ခံစာနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက် အသေးစိတ်ကို မြန်မာအဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ တရားဝင်အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသည်။
– မြန်မာနိုင်ငံအစိုးရသည် နိုင်ငံကိုပါတီစုံဒီမိုကရေစီစနစ်သို့ ပြန်လည်ရောက်ရှိရန် သန္နိဋ္ဌာန် ချထားပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ရည်ရွယ်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိသည်။ စွက်ဖက်မှုများနှင့် အပြုသဘောမဆောင် သော အလေ့အထများသည် ထိပ်တိုက်ရင်ဆိုင်မှုများ၊ သဘောထားကွဲလွဲမှုများကိုသာ ဦးတည်စေပြီး တိုင်းပြည်ကို ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်စေရေးကြိုးပမ်းမှုတွင် အထောက်အကူဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံသည် မဟာမင်းကြီး၏ လျော်ကန်မှုမရှိသော အကြံပြုချက်များနှင့် အပြန်အလှန်ဆွေးနွေးပွဲအတွင်း နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို ပြတ်သားစွာ ကန့်ကွက်ပယ်ချသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊
ဂျီနီဗာမြို့။